New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, April 28, 2013

ဗလီရှေ့ဆောင်ဆရာ၊ ဓမ္မသတ်မှူး မွဖ်သီဂျာအ်ဖရ် နှင့် အင်တာဗျူး



M-Media
နေသစ်ထွန်း


လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ တိုင်းရင်းသားစည်းလုံးညီရေး၊ အစ္စလာမ်အပေါ် အမြင်မှားစေရန် မုန်းတီးရေးစာပေများ ပြန့်နှံနေမှု၊ မဒ်ရဆာဟ် ခေါ် အစ္စလာမ့်ဘာသာရေး စာသင့်ကျောင်းတွေမှာ ခေတ်ပညာများပါ သင်ကြားအရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပုံ၊ အစွန်းရောက် အကြမ်းဖက်ဝါဒအပေါ် အမြင်၊ စသည့် တို့ကို M-Media မှ ရန်ကုန်မြို့လယ် ဆူးလေးစေတီနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘင်္ဂလီ စွန္နီဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်ဆရာ ဖြစ်တဲ့ မွဖ်သီ ဂျာအ်ဖရ် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

M-Media – မကြာခင်က သမ္မတ ဦးသိန်းစိန် နဲ့ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓ ဘာသာမှ
ပညာရှင် ဆရာတော်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့တာ ရှိပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ သမ္မတဦးသိန်းစိန်ပြောသွားတဲ့ မိန့်ခွန်းအပေါ် ဘယ်လိုမြင်ပါ သလဲ ။

မွဖ်သီဂျာအ်ဖရ် – သမ္မတကြီးပြောသွားတဲ့နောက်ဆုံး စကား ထဲမှာသို့ပါ၍ လူမျိုးစု နှစ်စုအကြား ခွဲပြားခြားနားမှု အပေါ် အပြန်အလှန်နားလည်ရေး ၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကို လေးစားမှု နှင့် ပဋိပက္ခအသွင်မဆောင်ရေး၊ သဟဇတ ဖြစ်သော လူမှု အသိုင်းအ၀ိုင်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှ့င်အတူ ရဟန်းပြည်သူ တစ်ရပ်လုံးက လူမျိုးဘာသာ မခွဲခြား ပဲ တန်းတူရည်တူ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် ဆိုတာပါတယ်။ ကျွန်တော်မြင်တာက သမ္မတဦးသိန်းစိန်ပြောတဲ့ စကားတကယ်မှန်တယ်။ ခဏခဏကို ပြောသင့်တယ်။ သူ့စကား က တစ်တိုင်းပြည်လုံးကို အကျိုးသက်ရောက်တယ်။ နားထောင်တဲ့သူ နားထောင်ပြီးတော့ အော် လူမျိုး ဘာသာ မခွဲခြားပဲ တန်းတူညီတူ ငါတို့ဆက်ဆံရမှာပဲ ဆိုပြီးတော့ အတွေးထဲမှာဝင်လာပြီ ဆိုရင် ကျွန်တော်အကြားထဲမှာ ခွဲခြားမှု မရှိတော့ဘူး။

ဒီလိုစကားမျိုးတွေကို ခေတ်တိုင်းခေတ်တိုင်းရဲ့ ခေါင်းဆောင်ကြီးတွေ ခဏခဏ ပြောခဲ့သင့်တယ်။ မပြောဘူး။ ဦးနေ၀င်းပြောသလားကြည့် ..မပြောဘူး။ ဦးစောမောင်ပြောသလားကြည့်… ဦးသန်းရွှေပြော သလား ကြည့် မပြောဘူး။ ခင်ညွှန့်ပြောသလားကြည့် မပြောဘူး။ ကျွန်တော်သတိထားပြီး အမြဲ နားထောင် ကြည့် တယ်။

အရင်ခေါင်းဆောင်တွေ မပြောခဲ့တဲ့ အတွက်ပြည်သူတွေက ဘာထင်ခဲ့ထင်လဲ ဆိုတော့ မွတ်စလင်တွေက ဒုတိယ လူတန်းစာ ၊ တတိယ လူတန်းစာ လူအများစု က ငါတို့ပဲ အဓိကဆိုပြီး အတွေးတွေ ၀င်နေတာ ။ အစိုးရလုပ် တဲ့သူက ဒါတွေ ကို ခဏခဏ ပြောရမယ်။ ဒါမှ သူတို့ဦးနှောက်ထဲကို ဒီစကားတွေဝင်တဲ့ အခါမှ သူတို့ ကျွန်တော်တို့ကို တန်းတူ ထားပြီး ဆက်ဆံလာမယ် ။

ဒါမှမဟုတ်ရင် လူမျိုးကြီး ၊ ဘာသာကြီးဝါဒတွေ ခေါင်းထဲမှာ စွဲနေမယ်။ စွဲနေတဲ့ အခါကျတော့ အနိုင်ကျင့်တဲ့ စိတ်ဓာတ် တွေ ၀င်လာမယ်။ နည်းနည်းမှ အလျှော့မပေးချင်တာ ၊ တန်းတူရည်တူ မဆက်ဆံ ချင်တာ။ ဒါဟာ အကြီး အကဲတွေ အပေါ်မှာ တော်တော်လိုအပ်တယ်။ အကြီးအကဲဖြစ်သူက ခဏခဏ ဒီစကားပြောရင် ပြည်သူ တွေက သဘောပေါက်မယ်။ ငါ့တို့တွေဟာ အားလုံးညီအစ်ကိုတွေပဲ ။ ဒီထက်ပိုပြီး တိုင်းသူပြည်သား တွေဟာ ညီအစ်ကိုတွေပဲ ။ ဘာသာ မတူသော်ငြားလည်းပဲ ညီအစ်ကိုတွေပဲ ။ ဒီလို တစ်ယောက်ကို တစ်ယောက် ဖေးမရ မယ်။ ကူညီရမယ်။ ဒီလို ချစ်ခင်နိုင်တဲ့ စကားလုံးတွေ များများ သုံးပေးရင် ပြည်သူတွေထဲမှာ ဒါတွေဟာ တဖြေး ဖြေး စိမ့်ဝင်သွားမယ်။ ဒါကြောင့်သမ္မတကို ချစ်တော့ သူစကားနားထောင်မယ်။

ဒီနေ့ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကို အားလုံး ချစ် တယ်။ ဘုရားဖွင့်ပွဲလည်းသွားတယ် ။ ဗလီဖွင့်ပွဲ လည်းသွား တယ်။ သူမသွားနိုင်ရင်တောင် သူသမီး၊သူ့သားတွေသွားတယ်။ မွတ်စလင်အရေးတွေမှာလည်း ပါတယ်။ တခြား ဘာသာရေး တွေကိုလုပ်ပေးတယ်။ တိုင်းပြည်တစ်ပြည်လုံးက ကြည့်နေတယ်။ ငါတို့ ခေါင်းဆောင် ဘာလုပ် နေသလဲ ဆိုတာ။ ငါတို့ချစ်တဲ့ သူက ဒါကို လေးစားတာပဲ ၊လိုက်နာတာပဲ ၊ ဆောင်ရွက်ပေးတာပဲ ဆိုရင် သူတို့ လဲ ဒီဟာလေးကို သဘောပေါက်လာ မယ်။ ငါတို့လည်းချစ်ရမယ်။ ဆောင်ရွက်ပေးရမယ်ဆိုတာ သဘောပေါက် မယ်။

M-Media - ဟုတ်ကဲ့ပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ နိုင်ငံတော် အစိုးရနဲ့ အစ္စလာမ်ဘာသာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါသလဲ။ ဆရာသိသလောက် ပြောပြပေးပါ။

မွဖ်သီဂျာအ်ဖရ် ကျွန်တော်ဆီမှာ ကမ္ဘာ့အလင်းစာစောင်တွေရှိတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ဖတ်တယ်။ အဲဒီ အထဲမှာ ဘာပါသလဲဆိုတော့။ ဦးနုခေတ်တုန်းကပါ။ ရန်ကုန်မြို့ ရဲ့ ၄၈ ဆွဒကီယဟ် ဟာဖိဇ် ကျောင်းကြီး ရှိ တယ်။ အဲဒီကျောင်းရဲ ဆုပေးအခမ်းအနား ကို ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင် တက်တယ်။ ဦးဘဆွေတို့တက်တယ်။ တက်ပြီးတော့ ကုရ်အာန် လက်ဆောင်ပေးတယ်။ နောက်တစ်ခုက

ဝန်ကြီးချုပ်ဦးနုခေတ်မှာ အိုလမာအဖွဲ့ ချုပ်ညီလာခံ လုပ်တယ်။ အဲဒီညီလာခံ သုံးရက်လုပ်တယ်။ သုံးရက် လုံးလုံး ကို အဲဒီအချိန်က အစိုးရအဖွဲ့ဝင်တွေပါတယ်။ ၀န်ကြီးဦးမောင်လတ် ၊ ၀န်ကြီး ဦးရာရှစ် တို့တက် ရောက် တယ်။ ညီလာခံ ပြီးတော့ ဦးနုကနေ ပြီး သူခြံထဲမှာ ဖိတ်ကြားတယ်။ အားလုံးသွားကြ တယ်။ အဲဒီ အချိန်မှာ မောင်လာနာ အီဗရာဟင် အဟ်မဒ် မဇွာဟိရက ဥက္ကဌ မွဖ်သီဆပ်က မွဖ်သီချုပ်။ သူခြံထဲမှာ ။ ၀န်ကြီးချုပ်ဦးနု က အဲဒီဆရာတွေလာတဲ့ အခါ အတ်ဆလာမ်မုအလိုင်းမ် ကွမ်း ဆိုပြီး ကြိုဆို တယ်

ဒါပဲ တိုင်းသူပြည်သားတွေနဲ့ ခေါင်းဆောင်ဖြစ်တဲံ့သူက ဘာသာမခွဲခြားပဲ လူမျိုးမခွဲခြားပဲ ၊ ဒီ အတိုင်း ဆက်ဆံ ပေးရမယ်။ သူ့သားသမီးတွေလေဗျာ။ ဒီလိုပုံစံသွားပေးရမယ် ။ ဒီလိုပုံစံ လုပ်ပေးမှ သာလျှင် တိုင်းပြည် မှာ ရှိနေ တဲ့ လူနည်းစု လူများစု အားလုံးရဲ့ချစ်ခင်မှုလဲ ရမယ်။ အားလုံးရဲ့ အချစ်ကို လည်းသူရယူနိုင်မယ်။

ခွဲခြားပြီးဆက်ဆံမယ် ဆိုရင် တခြားဘာသာတွေကို ဒီလို လုပ်မပေးဘူးဆိုရင် ဘာသာအများစု ရှိတဲ့သူတွေက ငါတို့ခေါင်းဆောင်က သူတို့ဆီမသွားဘူးဆိုပြီးတော့ အဲလိုအမြင်တွေနဲ့ လူနည်းစုကို ခွဲခြားဆက်ဆံ လိမ့်မယ်။ အထင်အမြင်သေးလိမ့်မယ်။

M-Media- အစ္စလာမ်က တခြားဘာသာတွေအပေါ် မှာ ရန်လိုတဲ့ သဘောထားရှိ တယ်။ လို့ မီဒီယာတချို့ က ၀ါဒဖြန့် နေကြ တယ်။ မြန်မာနိုင်ငံ မှာဆိုရင် လူအများစု ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်။ နောက်ပြီး တခြား ဘာသာဝင် တွေလည်း ရှိ ပါ တယ်။ သူတို့အပေါ် ကို ဘယ်လို ဆက်ဆံဖို့ အစ္စလာမ်က သွန်သင် ထားပါသလဲ။

မွဖ်သီဂျာအ်ဖရ် – အစ္စလာမ် သာသနာဟာ လူကိုလူလိုပဲ သဘောထားတာ။ ဘာသာခွဲခြားတဲ့ သာသနာမဟုတ်ဘူး။ တမန် တော်မြတ် ကြီး ကိုယ်တိုင် မက္ကာနဲ့ မဒီနာမှာ သာသနာပြုခဲ့တဲ့ အချိန်မှာ ယဟူဒီနဲ့ ခရစ်ယာန် အများစု ရှိတာပဲ ။ တမန်တော် အဲဒီအကြားထဲမှာ အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့တာပဲ။ တမန်တော်ဟာ မဒီနာမြို့မှာ ရှိနေတဲ့ အချိန် အဲဒီအချိန် မဒီနာမြို့ရှိ ခေါင်းဆောင်ဟာ တမန်တော်ဖြစ်သွားပြီး။ နဂျရန် မြို့နေရာကနေ ခရစ်ယာန် ဘုန်းတော် ကြီးတွေ တမန်တော်နဲ့ စကားပြောချင်လို့ ဆိုပြီးရောက်လာတယ်။ အုပ်စုလိုက်။ ရောက်လာတဲ့ အခါကျ တော့ တမန်တော်ကို မေးခွန်းတွေ လာမေးတယ်။ တမန်တော်မြတ်က ဖြေတယ်။ ဖြေပြီးတဲ့ နောက်ပိုင်း မှာ ညနေလိုရောက်သွားတဲ့ အချိန်မှာ ပြန်ဖို့ အချိန်မရှိဘူး။ သူတို့ကပြောတယ် ။ ကျွန်တော် တို့ ဘုရားရှိခိုးချင် တယ်။ ဘယ်မျာ ရျိခိုးရမလဲတဲ့။ တမန်တော်က ကျွန်တော်ဗလီထဲ ၀င်ရှိခိုးတဲ့။ စဉ်းစားကြည့် ပါ။ ဘာသာတစ်ခုနဲ့ တစ်ခု ရန်သူဆိုရင် တမန်တော် ကအဲဒီလက်ခံမလား။ တမန်တော်မြတ်က သူတို့ကို ဗလီထဲဝင်ခိုင်းတယ်။ သူတို့ ဘာသာအရ သူတို့လို ရှိခိုးပါလို့ ခွင့်ပြုခဲ့တယ်။

ကျွန်တော်တို့က ဘာမှ ခွဲခြားမှု မရှိဘူး။ ကျွန်တော်တို့က ဗလီသွားတယ်။ ဗုဒ္ဓဘာသာက ဘုရားသွားတယ်။ ဟိန္ဒူ ဘာသာ မန်ဒီရ်သွား တယ်။ ခရစ်ယာန် ဘာသာက ချာခ်ျသွားတယ်။ ဒါပဲကွာတာ။ ကျန်တာလူတွေပဲ။ စားနေတာ သောက်နေတာ။ သွားနေတာ၊လာနေတာ။ စကားပြေတာ။ ဆက်ဆံတာကျန်းမာရေး လူမှုရေး အကုန် အတူတူပဲ။ ဘာမှ ခွဲခြားစရာအကြောင်းမရှိဘူး။ အစ္စလာမ် သာသနာက ကိုယ့်အိမ်နီးနားချင်းနဲ့ ပတ်သက် ပြီး မွတ်စလင်ပဲ ဖြစ်ဖြစ် ၊ ဘာသာခြားပဲဖြစ်ဖြစ် အိမ်နီးနားချင်းကို မေတ္တာထားရမယ်။ တမန်တော် ဘယ်လောက် ထိ ပြောသွားလဲဆိုရင် အိမ်နီးနားချင်းနဲ့ ပတ်သက်လို့ ဆက်ဆံရေးကို ဘယ်လောက်ထိ ပြော သွားလဲ ဆိုရင် တမန်တော်ရဲ့ သာဝကကြီး အဗူဘကရ် က သူစိတ်ထဲမှာ ဘယ်လိုတောင် မှတ်သွားလဲ ဆိုရင် ကိုယ်သေ ရင်တောင် အိမ်နီးနားချင်းကို အမွေတောင်ပေးရတော့မလား လို့တောင် ထင်သွားတယ်။ အဲဒီ လောက် အလေး ထားတာ။ အဲဒိတော့ အစ္စလာမ် သာသနာက ဘာသာခြားကို ဘယ်လိုမှ အမြင်ဆိုးမရှိဘူ။ အားလုံးကို မှန်မှန် ကန်ကန်ပဲ ဆက်ဆံတယ်။ အစ္စလာမ် သာသနာမှ အနိုင်ကျင့်တာလဲ မရှိဘူး။

M-Media - အစ္စလာမ်ကို အဓမ္မသာသနာပြုတယ်ဆိုပြီး တချို့က အထင်လွဲနေကြတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ။

မွဖ်သီဂျာအ်ဖရ် – တစ်ချိုကတွေက အထင် လွဲနေတာ။ အစ္စလာမ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့စာအုပ် ကိုမလေ့လာဘူး။ အစ္စလာမ်ကို အမြင်ဆိုးနဲ့ ရေးထား တဲ့ တစ်ချို့ စာအုပ်တွေကို ဖတ်ပြီးတော့ သူတို့ပါမှားနေတာ ။ မှန်ကန်တဲ့ သမိုင်းတွေကို လေ့လာမယ်ဆိုရင် ဒီနေ့ အာရဗ် အင်ပါယာတစ်ခုလုံး ယဟူဒီနဲ့ ခရစ်ယာန် သာသနာဟာ သန်းနဲ့ ချီပြီးရှိ တယ်။အာရပ်နိုင်ငံ အားလုံးက အစ္စလာမ် နိုင်ငံတွေ၊ အစ္စရေးနိုင်ငံကလွဲလို့။ ယဟူဒီနဲ့ ခရစ်ယာန် အခုထိ သန်းနဲ့ ချီပြီးအခုအထိ ရှိသေးတယ်။ အစ္စလာမ်အဲဒီမှာ ရှိနေတာ နှစ်ပေါင်း တစ်ထောင်ကျော်သွားပြီး။ အကယ်၍ သာ အစ္စလာမ် က လူတွေအားလုံးကို မတရားသဖြင့် သူ့သာသနာထဲကို သွတ်သွင်းတယ်ဆိုရင် တစ်ယောက် တောင် ကျန်ဖို့ရှိ လား။ ဒါတွေက ကျွန်တော်တို့အပေါ်မှာ အမြင်စောင်းပြီး အမှားတွေ ပြောနေတာ။ တစ်ချို့တစ်ချို့တွေက ဘာခေါ်မလဲဆိုတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီးတော့ ထုတ်ခဲ့တဲ့ စာအုပ်တွေ ကျွန်တော် ဖတ် ရပါတယ်။ ဒါက လက်သိပ်ထိုးလုပ်ခဲ့တာ။ ကျွန်တော်အမြင်အရ စစ်အစိုးရလက်ထက်မှာ ဒါတွေဖြစ်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဦးနေ၀င်းလက်ထက်မှာလဲ ကျွန်တော်လေ့လာတယ်။ စာအုပ်စာပေတွေ ကျွန်တော် ကြည့် တယ်။ အဲဒီအချိန်က ဒီစာအုပ်တွေ ကျွန်တော်မတွေ့ခဲ့ဘူး။ န၀တ ခေတ်မှာ တော်တော်များတယ်။ မျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်က တော်တော်သက်ရောက်တယ်။ ဒီစာအုပ်ကို ကျွန်တော် အလွတ် လောက် ကိုရတယ်။ ကျွန်တော်အကြိမ်ကြိမ် ဖတ်လိုက်တာ။

ဒီစာအုပ်ထဲမှာ ဘာရေးထားလဲ ဆိုတော့ အိန္ဒိယနိုင်ငံ အစ္စလာမ် တွေကြောင့် ဒုက္ခ ရောက်ပါတယ်။ အစ္စလာမ် တွေက မတရားအုပ်ချုပ်တယ်။ တစ်ဖက်စောင်းပြီးမတရား ရေးသွားတာ။ တကယ် ဆိုရင် အိန္ဒိယနိုင်ငံကို အစ္စလာမ် က နှစ်ပေါင်း ၈၀၀လောက်အုပ်ချုပ်ခဲ့တယ်။ နောက်ဆုံး အုပ်ချုပ် သွားတာ ဇဖရ်ရှား ဒီနေ့မြန်မာနိုင်ငံ မှာသူရဲ့ အုတ်ဂူရှိတယ်။ သူအုပ်ချုပ်သွားတဲ့ အထိ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူ အများဆုံးပဲ။ စဉ်းစားကြည်ပါ။ အစ္စလာမ်က အဓ္ဓမနည်းနဲ့ အုပ်ချုပ်တယ် အတင်းအကျပ် လူတွေကို ဘာသာ ထဲသွတ်သွင်း တယ်ဆိုရင် အိန္ဒိယ နိုင်ငံမှာ ဒီနေ့ ဟိန္ဒူတစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ နှစ်ပေါင်း ၈၀၀ အုပ်ချုပ် တာ တောင်မှ အိန္ဒိယ နိုင်ငံမှာ မွတ်စလင်အများစု မဖြစ်ခဲ့တာ။ ဟိန္ဒိုအများစု ရှိနေခဲ့တယ် နောက်ပြီး အက္ကဘရ် ဘုရင် အုပ်ချုပ် တယ် ဟိန္ဒိုကိုလည်းဦးစားပေးတယ်။ သူရဲ့ ၀န်ကြီးတောင်မှ ဟိန္ဒူကိုထားတာ။ မွတ်စလင် မထား ထားဘူး။ အဲဒီဝန်ကြီးက သိပ်တော်တယ်။ ဘိရ်ဘတ်လို့ခေါ်တယ်။

အစ္စလာမ်က မတရားလုပ်တဲ သာသနာမဟုတ်ဘူး။ ကိုယ့်သာသနာ ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ကိုယ့် ပတ် ၀န်းကျင်မှာ ရှိတဲ့ ဘယ်ဘာသာနဲ့ မဆို ကောင်းကောင်းမွန်မွန်ဆက်ဆံခိုင်းတဲ့ သာသနာ ဖြစ်တယ်။ မြန်မာ နိုင်ငံ မှာ တစ်ချို့သောပုဂ္ဂိုလ်များဟာ ဟောထားတဲ့ အခွေတွေ နားထောင်တယ်။ ။လုံးဝ ဘာသာရေးနဲ့ မညီတဲ့ ဘာသာ ရေးအရ အဆုံးအမ မရှိတဲ့ဟာတွေကို လုပ်ကြံပြီပြောထားတာတွေရှိတယ်။

M-Media - ဒီလိုမျိုး သတင်းမှားတွေ မြန်မာပြည်အနှံမှာ လိုက်ဖြန့်နေတာရှိတယ် ၊ မှားယွင်းနေတဲ့ အချက်အလက်တွေကို ကိုးကားပြီး အစ္စလာမ် ဆန့်ကျင်ရေးတရားပါ။ အစ္စလာမ့် အမှန်တရားသိအောင် ဘယ်လို ဆောင်ရွက်သင့်ပါသ လဲ။

မွဖ်သီဂျာအ်ဖရ် – ဒီကိစ္စကို ကျွန်တော်မွတ်စလင်တွေက ဖြစ်နိုင်မယ်ဆိုရင် ပြန်ရှင်းပြရမယ်။ မီဒီယာ၊ ကနေ ရှင်းပြတာတို့။ အင်တာနက်တွေ ၊ ဘက်စုံလူထုဆီ ရောက်နိုင်တဲ့ ပုံစံမျိုးတွေနဲ့ ရှင်းပြရမယ်။ ကျွန်တော်ကတော့ အတက်နိုင် ဆုံးရှင်းပြ တယ်။ ဖြစ်စေချင်တာက ဗလီဆရာတွေလဲ ပြောရမယ်။ ပုတ်ခတ်ပြီးပြောဖို့မဟုတ်ဘူး။ မသိလို့ နားမ လည် လို့ ပြောကြ တာ။ ကျွန်တော်တို့ ခွင့်လွတ်တယ်။ အပြစ်မယူဘူး။ ဒါပေမယ့် အမှန်သိဖို့လိုတယ်။ ကျွန်တော် တို့ဘက် က လည်း စာပေနဲ့လည်းသိအောင် ဒါတွေ ရှင်းပြဖို့လိုမယ်။ တစ်ချို့တွေက အစ္စလာမ်နဲ့ ပတ်သတ် လို့ မရှင်းလင်း ဘူးဆိုရင် နားလည်တက်ကျွမ်းတဲ့ ဆရာတွေနဲ့ ထပ်တိုက်တွေ့ပြီးမေးမြန်းသင့်တယ်။ အထူးသဖြင့် ကျွန်တော် တို့နဲ့လာတွေ့ ။ ဖိတ်ခေါ်တယ်။

M-Media - အခု ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊စီးပွားရေး ၊ လူမှုရေး ပုံစံတွေက ပြောင်းလဲ လာနေပါတယ်။ အဲဒီပြောင်းလဲမှုနဲ့ အတူ စိန်ခေါ်မှုတွေကလည်း ရှိလာပါယတ်။ ဒီစိန်ခေါ်မှုတွေ ကို ကျော်လွှားနိုင်ဖို့ ၊ ခေတ်စနစ်ကို သိရှိနားလည်ဖို့ မော်လဝီ ကျောင်း မဒ်ရဆာဟ်တွေ ဘာတွေ လုပ်သင့်ပါသလဲ။

မွဖ်သီဂျာအ်ဖရ် – ကျွန်တော်တို့ ကျောင်းတွေမှာလဲ အထူးသဖြင့် အမြင်တွေကျယ် ဖို့လိုအပ်ပါပြီ။ အရင်တုန်းကဆိုရင် ကျွန်တော် တို့က ကိုယ့်ဘာသာရေးပဲ သီးသန့်သင်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖတ်လာခဲ့တာ။ အခုအခါမှာ ကျောင်းအုပ်ချုပ်တဲ့သူတွေကတော့ ပိုပြီးတော့ အမြင်ကျယ်ဖို့လိုအပ်လာပြီ။ ကျွန်တော့်ကလေးတွေကို အင်္ဂလိပ်နဲ့ မြန်မာ သင်ဖို့ပေးလိုတယ်။

ဦးနေ၀င်းတက်လာတဲ့အချိန် မြန်မာစာ ကို မြန်မာကျောင်းကလွဲလို့ ကျန်တဲ့ ကျောင်း တွေ မသင်ရဘူးဆိုပြီး စနစ်ရှိ ခဲ့တယ် ။ဘယ်အာရဗီကျောင်းကမှ မြန်မာစာ မသင်ရဲဘူး။ သင်ရင် ဖမ်းမယ့် အနေ အထားရှိတယ်။ အဲဒါ ကြောင့် ဘက်စုံ ဘာသာရပ်တွေ မသင်ပေးဖြစ်ခဲ့တာလည်းပါတယ်။ နောက်ပြီး အာရဗီကျောင်းက စာတွေ က လည်း များတယ်။ ထပ်တိုးဘာသာ ရပ်တွေ မထည့်နိုင်ဘူးဖြစ်နေတယ်။ အခုတော့ ကျွန်တော်တို့ လုပ်လာပြီ။ ကျွန်တော်အုပ်ချုပ်တဲ့ကျောင်းဆို အင်္ဂလိပ်မြန်မာ ဘာသာရပ်တွေ ထည့်ထား တယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင် ခံစားရတယ်။ အင်္ဂလိပ်ရရင် ဘယ်လောက်အကျိုးရှိလဲ ဆိုတာ ။ လေယာဉ်ပေါ် တက်ရင် ဖောင်ဖြည့် တာက စတယ်။ ကျွန်တော်တို့လည်းသဘောပေါက်လာပါပြီး မော်လ၀ီကျောင်းတွေလည်း အင်္ဂလိပ်မြန်မာ ဘာသာရပ် တွေ သင်လာကြပါပြီ။

M-Media - မြန်မာနိုင်ငံမှာ ဆို တိုင်းရင်းသားလူမျိုး၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံပါ။ နိုင်ငံတော်ကလည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက်နေပါတယ်။ ဒီတော့ လူမျိုးအချင်းချင်း ညီညွတ်ချစ်ခင်ရေးကို အစ္စလာမ့် အမြင်က ဘယ်လို မြင်ပါသလဲ။

မွဖ်သီဂျာအ်ဖရ် – လူသားအချင်းချင်း ချစ်ခင်ဖို့မေတ္တာရှိဖို့ဆိုတာက တမန်တော်ရဲ့(သြ၀ါဒ) ဟဒီဆ်တွေ မှာ ရှိပြီးသားပါ။ ကုရ်အာန် ကျမ်းမြတ်မှာ လည်းရှိပြီးသားပါ။ ငါအလ္လာဟ်အရှင်မြတ်က ယောကျာင်္တစ်ဦး မိန်းမတစ်ဦးကနေ ဖန်ဆင်းထား တယ်။ အုပ်စုအုပ်စုတွေ ခွဲပေးလိုက် တယ်။ လူမျိုးအချင်းချင်း ဘာကြောင့် ဖြစ်အောင် ဖန်တီးတာလဲ ဆိုရင် တစ်ယောက် နဲ့ တစ်ယောက် မှတ်မိကြဖို့ ။ ရန်ဖြစ်ကြဖို့ မဟုတ်ဘူး ။ အခုရန်ဖြစ်နေတာ။ အလ္လဟ်အရှင်မြတ်က လူသား တွေကို ဖန်ဆင်းတာ မှတ်မိဖို့ ၊ အုပ်စုတွေ ခွဲပေးတာ။ ဒါက တ၇ုတ်လူမျိုး၊ ဒါက အင်္ဂလိပ်လူမျိုး၊ ဒါက အိန္ဒိယ လူမျိုး၊ ဒါက မြန်မာလူမျိုး၊ ဒါက မှတ်မိပြိး ချစ်ခင်ဖို့ ၊ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ ဟဒီဆ်မှာလည်း လူသား အချင်း ချင်း ချစ်ခင် ရမယ်။။ လူသား အချင်း ချင်း ကူညီရမယ်။ လူသားအချင်းချင်း လို့ ပြောတယ်။ မွတ်စလင် အချင်းချင်း လို့ မပြောဘူး။ ဘယ်သူဟာ မြေပြင် ပေါ်မှာရှိတဲ့ လူသားကို ကူညီမလဲ။ ထိုသူကို အလ္လာဟ် က ကူညီမယ် လို့ ပြေထားတယ်။ ဘယ်သူဟာ လူသား တစ်ဦး ကို သနားမလဲ ကြင်နာမလဲ၊ ထိုသူကို အလ္လာဟ်က ကြင်နာမယ်။ ဟာဒီဆ်တွေ တမန်တော် စကား တွေရှိ ခဲ့တယ်။ အစ္စလာမ်သာသနာဝင်တွေကို ဘာသာခြား တွေအားလုံးနဲ့ လူမှုရေးရာနေတာ ထိုင်တာ ပတ်ဝန်ကျင်နဲ့ ဘယ်လို နေထိုင်ရမလဲ ဆိုတာ အားလုံး တမန် တော်ပြ ခဲ့တယ်။

M-Media - တစ်ချို့ မီဒီယာတွေက အစ္စလာမ် အစွန်းရောက် အုပ်စုတွေ သတ်ဖြတ်မှု တွေ ကိုဖေါ်ပြ လာကြပါတယ်။ အစ္စလာမ် ကို အကြမ်းဖတ်ဝါဒနဲ့ ချိတ်ဆက်ပြီးဖော်ပြလာကြတယ်။ အပြစ်မဲ့ သူတွေ ကို အစ္စလာမ်အမည်သုံးပြီး သတ်ဖြတ် ကြတယ်။ အဲဒီအပေါ်ကို ဆရာ့တုန့်ပြန်မှုက ဘာပါလဲ။

မွဖ်သီဂျာအ်ဖရ် – ဒီနေ့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ အစွန်းရောက်အုပ်စုဆိုတာ ဘယ်သူတွေလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး။ မွတ်စလင်အချင်းချင်းကို သတ်နေတယ်။ ဘာမှ အပြစ်မရှိတဲ့သူတွေ ကိုသတ်နေ တာ။ ဒါဟာအစ္စလာမ်သာသနာ နဲ့ ဘာမှ မဆိုင်ဘူး။ အစ္စလာမ် သာသနာက ညွန်ကြားပြသတဲ့ အထဲမှာလုံးဝ မပါဘူး။

M-Media - အစ္စလာမ်မုန်းတီးရေးဖြန့်တဲ့သူတွေက ၇၈၆ ဟာ ၂၁ရာစုမှာ လွှမ်းမိုးမယ့် သင်္ကေတလို့ ၀ါဒဖြန့်နေတာရှိတယ်။ ၇၈၆ ရဲ့ အမှန်အဓိပ္ပာယ်က ဘာလဲ။

၂၁ရာစုမှာ ဘာဖြစ်သွားမယ်။ ကျွန်တော်တို့ကိုစွပ်စွဲနေတာ။ ၇၈၆ အမျိုးပျောက်မှာ ဆိုးကြောက်စရာ မှာ ရေး ထားတယ်လေ။ ၇၈၆ ဆိုတာက ဂဏာန်းတွေ အများကြီးကို တွက်ပြီးရတာ။ ခုနှစ်ရာ ရှစ်ဆယ့်ခြောက် ဆိုပြီးရ တာ။ ခွန်ရှစ်ခြောက် မဟုတ်ဘူး။ အဲဒါနောက်ဆုံးနံပါတ်ပဲ။ အဲဒါကို ထပ်ပေါင်း လိုက်တယ်။ ၂၁ ပို့လိုက် တယ်။ ၂၁ရာစု မှ မြန်မာနိုင်ငံကို သိမ်းမယ်ဆိုပြီး စွပ်စွဲတယ်။ မဟုတ်မမှန် တာတွေ ပြောတာပါ။ ဒီ ခုနှစ်ရာ ရှစ်ဆယ် ခြောက် ဆိုတာကလည်း ဗစ်စမိလ္လဟ်ဟိရဟ်မာန်နရ်ရဟိမ်း ကျွန်တော်တို့ သာသနာမှာ အင်မတန်မှ မင်္ဂလာရှိ တယ်။ တခြားဘာသာတွေမှာလည်း ဒီလို အထိမ်းအမှတ် တွေရှိပါတယ်။ ဒါမျိုးကို နံပါတ်ထုတ်ပြီး ဘာသာပြန် ထားတာ။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ လောက်ပဲ သုံးတာ။ တခြားအစ္စလာမ်နိုင်ငံတွေ မသုံးဘူး။ ဒီဘက်လူတွေ လုပ်ထားတာ။ ဘာလို့လဲ ဆိုတော့ ဒီဘက်လူတွေက အာရဗီစာမတက်ဘူး။ မရေးတက်ဘူး။ အလွယ်တကူ ခုနှစ်ရာ ရှစ်ဆယ့်ခြောက်ကို ရေးတာ အလ္လဟ်အရှင်မြတ် နာမနဲ့ စတယ်လို့ အဓိပ္ပါယ်ရတယ်။ အဲဒါကို ဘယ်သူက ဘယ်အကြောင့်ကြောင့် စွပ်စွဲမလဲ မသိပါဘူး။ သက်သက်မဲ့စွပ်စွဲလိုက်တာ။ မဖြစ်သင့်ပါဘူး။

ဘာသာခြားစာပေတွေ ဖတ်တယ်။ ဗုဒဘာသာအကြောင်းဖတ်တယ်။ ခရစ်ယာန်ဘာသာ အကြောင်းဖတ် တယ်။ ဟိန္ဒိုဘာသာအကြောင်း ဖတ်တယ်။ အမှန်အတိုင်းလေ့လာတယ်။ အမှားမလေ့လာ ဘူး။ သူတို့စာအုပ်ကို ကျွန်တော် တို့ ယူဖတ်တယ်။ အမှားမပြောဘူး။ အမှားပြောတာကလဲ အပြစ်တစ်ခုပဲ။ မတရားစွပ်စွဲပြီးပြောတာ။ ဒီကြောင့် မှားသွားတဲ့ အုပ်စု ဘယ်လောက်ရှိမလဲ ပြောတဲ့သူရဲ့ ခေါင်းပေါ်မှာ ရှိမယ် ။အယောက်၁၀၀ မှားမယ်၊ အယောက် တစ်ထောင် မှားမယ်။ အဲဒီတစ်ထောင်လုံးလုပ်ခဲ့တဲ့ အပြစ် စမှားပြောတဲ့ သူမှာ ရှိတယ်။ ဒီလို အပြစ် မျိုးကတော့ ဘာသာတိုင်းမှာ ရှိမယ်။

ဘယ်ဘာသာ အကြောင်းကို ဘယ်သူပြောပြော။ အမှန်ကိုလေ့လာဖို့လိုမယ်။ ဒီနေ့ ဗုဒသာသာနဲ့ပတ် သက်လို့ တစ်ခွန်းမှ မကောင်းမပြောဘူး။ ကျွန်တော်တို့သာသနာက တားမြစ်လိုက်ပြီ လကွန်ဒီးနုကွန်၊ ၀လိယာဒီန်း၊ သူ့ သာသနာ နဲ့ သူ ကိုယ့်သာသနာနဲ့ ကိုယ်။ အလ္လာဟ် ကဆုံးဖြတ်ပြီးပြီ။ မတိုက်ခိုက်ရဘူး။ ဒါကြောင့် အစ္စလာမ် သာသနာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစ္စလာမ်သာသနာဝင်တွေမှာ သာသနာပြုအဖွဲ့ မရှိဘူး။ ဘာသာခြားကို သာသနာပြုတဲ့ အဖွဲ့ မရှိဘူး။

ဘာသာခြားတွေကို ကျွန်တော်တို့ အစ္စလာမ်လုပ်နေပါတယ်လို့ ဘာကြောင့်စွပ်စွဲနေပါလဲ။ ဘာအထောက် အထားရှိလို့ စွပ်စွဲနေပါသလဲ။ လုံးဝအမှားတွေပါ။ တစ်ဖက်သတ် ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ သဘောဖြစ် နေပါတယ်။ တကယ်စဉ်းစားကြည့်ရင် ကျွန်တော်တို့မှာ ဘာမှ မရှိဘူး။ အပြင်လူ ဘယ်သူ့ကိုမှ မစည်းရုံးဘူး။

M-Media - ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် တစ်ချို့တွေကလည်း လှုံဆော်နေကြ ပေ မယ့် နိုင်ငံတော်အစိုးရက ဘာ သာတရားအချင်းချင်း ချစ်ခင်မှုရအောင် ကြိုးစားနေတာတွေ ရှိနေပါတယ်။ အစ္စလာမ် ဘာသာနဲ့ ဗုဒ္ဓဘာ သာ ဆရာတော် တွေနဲ့ တွေ့ဆုံတာတို့ လုပ်ခဲ့ပါတယ်။ ဘယ်လို လူမျိုးများအကြား၊ ဘာသာ တရားများ အကြား အပြန်အလှန် သဟဇတဖြစ်ပြီး   လေးစားချစ်ခင် မှုရအောင် ပြည်သူတွေဘက် ဘာတွေ ဆောင်ရွက်ဖို့လိုပါသလဲ။

မွဖ်သီဂျာအ်ဖရ် – ကျွန်တော် တို့ လုပ်နေကြတာတွေပေါ့။ ဘာသာပေါင်းစုံနဲ့အားလုံးနဲ့ တွေဆုံတာတို့ ၊ ချစ်ကြည်မှု ရအောင် ဘယ်လို ပုံစံနဲ့ ရမလဲ ။ မီဒီယာပဲဖြစ်ဖြစ်၊ တွေ့ဆုံပွဲတွေကပဲဖြစ်ဖြစ် လူမှုရေးလုပ် ငန်းတွေပဲဖြစ်ဖြစ် လုပ်သွား ရပါမယ်။ အဓိက အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်တဲ့ ရှရိက်မဖြစ်ရဘူး။ ဒုတိယက ဟရမ် မဖြစ်စေရဘူး ။ ဒီနှစ်ခု ရှောင်နိုင်ရင် အားလုံးအလုပ်လို့ရတယ်။

ဒေပါဝါလီ ပွဲ တော် ကျွန်တော်တို့သွားတယ်။ ဗုဒ်ဓဘာသာ ဘုန်းတော်ကြီးတွေ လာတယ်။ ဟိန္ဒိုတွေ လာတယ်။ ခရစ်ယာန် ဘုန်းကြီးတွေလည်းလာတယ်။ အားလုံး ချစ်ခင်မှု အတွက် စကားတွေပြောကြတယ်။ ဒီလို အခမ်း အနား မျိုးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် ပိုအဆင်ပြေမယ် လို့ ယူဆတယ်။ ကျွန်တော်လည်း ဗုဒ်ဓဘာသာ ဘုန်ကြီးနဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ခဲ့သေးတယ်။ ဗုဒ်ဓဘာသာ ဘုန်းတော်ကြီးတွေ   ပြော သွားတာ တွေ ကောင်းပါတယ်။ အင်မတန်မှ ကောင်းပါတယ်။ ၀မ်းသာပါတယ်။ ကျွန်တော်တို့   တွေဆုံပြီး ချစ်ချစ်ခင်ခင်နေထိုင် သွားဖို့ လုပ်မယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေလည်းငြိမ်းချမ်းမယ်။ တခြားဘာ သာဝင်တွေလည်း ငြိမ်းချမ်းမှာပဲ။ အားလုံးအတွက်ကောင်းပါတယ်။

M-Media - ဒီနှစ်ပိုင်းတွင်းမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေကို မေးလာကြတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုတဲ့ အစ္စလာမ် နိုင်ငံ စစ်ဖြစ်ရင် ဘယ်ဘက်က ၀င်တိုက်မလဲတဲ့ ။ ဒီမေးခွန်းအတွက် ဆရာ့ အဖြေက ဘယ်လိုရှိပါ သလဲ။

မွဖ်သီဂျာအ်ဖရ် – အစ္စလာမ် သာသနာက ဓမ္မသတ် ဘယ်လောက်တောင် ရှိလဲ ဆိုရင် ဒီနေ့ ဘင်္ဂလားဒေ့ရှ်က အစ္စလာမ်နိုင်ငံ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာစစ်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံသား မွတ်စလင်တစ်ယောက်ဟာ မြန်မာဘက်ကနေ ခုခံ တိုက် ခိုက်ပေးရမယ် လို့ ပြထားတယ်။ အစ္စလာမ်က အဲဒီလောက်တောင်ပြထားတယ်။ အဲဒီတော့ ကျွန်တော် တို့အတွက်က ကမ်းကုန် သွားပြီ။ ဒီနိုင်ငံသား ဒီနိုင်ငံမှာ နေပြီ၊ ဒီနိုင်ငံမှာ သစ္စာရှိဖို့၊ ဒီနိုင်ငံကို အကျိုးပြုဖို့ ၊ ဒီနိုင်ငံမှာ သေမှာဖြစ် တယ် ။ကျွန်တော်တို့သာသနာက ဒီနိုင်ငံကို ချစ်ဖို့ ပြထားတယ်။

ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ ပဲ မွေးခဲ့တဲ့လူတွေဖြစ်တယ်။ ဒီနိုင်ငံမှာပဲ သေရမှာပဲ။ ဘယ်နိုင်ငံပဲသွားသွား ဒီဘ၀မှ အဲဒီနိုင်ငံသား မဖြစ်နိုင်တော့ဘူး။ ကျွန်တော်အိန္ဒိယမှာစာသင်တော့ ကျွန်တော်တို့ကို အားလုံးက ဂျအ်ဖရ် ဘရ်မီ ( ဗမာ ဂျာအ်ဖရ်) လို့ခေါ်တယ်။ဗမာလို့ခေါ်တယ်။ ဒါပေမယ့် ကျွန်တော် မြန်မာနိုင် ငံပြန်ရောက်လာတော့ ကုလားဖြစ်သွားတယ်။ ကျွန်တော်ဘယ်နိုင်ငံပဲ သွားသွား ကျွန်တော်ကို့ ဗမာလို့ ခေါ်မှာပဲ။ ဒီနိုင်ငံမှာပဲ မွေး တယ်။ ဒီနိုင်ငံမှာပဲ သေရမှာပဲ၊

နောက် တမန်တော်မြတ် စကားတစ်ခုရှိ ပါတယ်။ ဟုဘွလ်ဝသနီမိနာလ် အီမာန်း ကို့ယ်ရဲ့မွေးရပ်ဇာတိကို ချစ်ခြင်းဟာ အီမာန်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ် တယ်တဲ့။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကျွန်တော်တို့နိုင်ငံ ကို ချစ်ကြဖို့ လိုတယ်။



မွဖ်သီဂျာအ်ဖရ် ၏ ကိုယ်ရေးအကျဉ်း

မွဖ်သီ ဂျာအ်ဖရ် သည် ၁၉၆၉ခုနှစ် ဘားဂီးယား ဟာဖိဇ်ကျောင်းတွင် ကုရ်အာန်အာဂုံဆောင်   ပြီးမြောက်ခဲ့သည်။
၁၉၇၇- ခုနှစ်တွင် ဒါရွလ်အုလူးမ် တက္ကသိုလ်(တာမွေ) တွင် မော်လ၀ီ ဘွဲ့ရယူခဲ့ပါသည်။
၁၉၉၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ စဟာရန်ပူရှိ မဇွာဟိရိအူလူမ်းတွင် မွဖ်သီနှင့် ကာရီဘွဲ့ရယူခဲ့သည်။
တာမွေမြို့နယ် မစီးဒီခန်း ဗလီ တွင် ရှေ့ဆောင်အီမာမ်အဖြစ် ၁၀နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
လက်ရှိ ပန်းပဲတန်းမြို့နယ်ဘင်္ဂလီ ဗလီ တွင် ရှေ့ဆောင် အီမာမ်အဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။
၁၉၉၇ ခုနှစ်မှ ယနေ့အထိ မြန်မာမွတ်စလင်အဖွဲ့ ချုပ် တွင် ဓမ္မသတ်မှူး တာဝန်အဖြစ် တာဝန် ထမ်းဆောင်နေပါသည်။



No comments:

Post a Comment