New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, April 28, 2013

မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော် ဦးဝိသုဒ္ဓနှင့် တွေ့ဆုံခြင်း


 
 
မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော် ဦးဝိသုဒ္ဓနှင့် တွေ့ဆုံခြင်း

ငြိမ်းချမ်း


7-Days News Journal,
Vol.12, No-7
April, 25, 2013. စာ ၂၈-၂၉

ဘာသာ၊ လူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီးတော့ လုပ်ဆောင်မယ် ဆိုရင် မြန်မာပြည်တင်မကပါဘူး၊ တစ်ကမ္ဘာလုံးငြိမ်းချမ်းသွားမှာပ
လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ရသော မတ်လ တတိယပတ်တွင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အကြမ်းဖက်မှုများဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ၊ သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူ များလည်း ရှိခဲ့ပါသည်။ မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓကလည်း ဒုက္ခသည် ၈၀၀ ကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ပေးခဲ့သည်။ အဆိုပါ ကျောင်းတိုက်တွင် သံဃာ ၃၅ပါးရှိပြီး၊ ဒုက္ခသည်များကို ခိုလှုံခွင့်ပြု၍ ကယ်တင်ထားစဉ် အန္တရာယ်ပြုရန်လာသူများကို သက်တော် ၅၅ နှစ်၊ ၀ါတော် ၃၅ ၀ါရှိ ဆရာတော် ဦးဝိသုဒ္ဓက ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကို သတ်ပါဟု ရဲရင့်သော ပြောစကား၊ လုပ်ဆောင်မှုကြောင့် လူအများ၏ အသက်ကို ကယ်တင်နိုင် ခဲ့သည်။ ဆရာတော်နှင့် ဧပြီ ၁၂ ရက်တွင် တွေ့ဆုံမေးမြန်းထား သည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မတ်လ ၂၀ ရက် ညက အတွေ့အကြုံ ပြန်ရှင်းပြပေးပါဦးဘုရား

ကျောင်းထဲကို ကုလားတွေပြေးဝင်လာမှ ဦးဇင်းလည်းသိတာ၊၊ ရပ်ကွက်တွေကတော့ ဈေးရှေ့၊ ဈေးလယ်၊ ဒဟတ်တန်း၊ ရတနာမာန်အောင်ရပ်ကွက်တို့၊ မြို့ထဲကသူတွေ များပါတယ်။ ပထမစဖြစ်တဲ့ ၂၀ရက် ညနေပိုင်း ကစပြီး ရောက်လာကြတာပဲ။ အဲဒီနေ့မှာတော့ လူဦးရေ ၄၀ပဲ။ နောက် ၂၄ ရက်အထိ အစ္စလာမ်ဘာသာဝင် လူဦးရေ ၈၀၀ အထိ ဖြစ်လာတယ်။ ကလေးတွေကတော့ ၃၀၀ ၀န်းကျင်ရှိပါတယ်။

.................................

ဆရာတော့်ကျောင်းကိုရောက်လာတဲ့အချိန်မှာ သူတို့တော်တော်ကြောက်နေကြသလားဘုရား။

ကျီးကန်းတောင်းမှောက် ကယ်သူမဲ့ပုံစံမျိုးတွေဖြစ်နေတယ်၊ နောက် အရမ်းကိုကြောက်နေတဲ့ မျက်နှာအမူ အရာတွေ မြင်ခဲ့ရတယ်။

.................................

သူတို့ကိုကယ်ဖို့ ဆုံးဖြတ်ချက်ကို ဘယ်လောက်အတွင်းမှာ ချခဲ့တာလဲဘုရား။ ကယ်ဖို့တွေဝေခဲ့တာမျိုးကော ရှိခဲ့ပါသလားဘုရား။

သူတို့က ကျောင်းထဲကိုပြေးလာတော့ ချက်ချင်းပဲဆုံးဖြတ်ခဲ့တာပါ။ တွေဝေနေတာမျိုးမရှိခဲ့ပါဘူးဒကာ။ ကျောင်းပေါက် ကနေ စောင့်ပြီးကြိုနေတာပါ။

......................................

ဘာကြောင့် ကယ်ခဲ့တာလဲဘုရား။

ရည်ရွယ်ချက်ကတော့ ဗုဒ္ဓရဲ့လမ်းညွှန်ချက်အတိုင်းပါပဲ။ ဒုက္ခရောက်နေသူတွေကို ကယ်တင်ရမယ်လေ။ ထူးထူးခြားခြား မရှိပါဘူး။ ဒီကျောင်းထဲမှာ နေသမျှတော့ သူတို့ ဒုက္ခမရောက်အောင် ထိန်းသိမ်းပေး မယ်။ စောင့်ရှောက်ပေးမယ်လို့ ပြောထားခဲ့ပါတယ်ဒကာ။

.............................................

လူ ၈၀၀လောက်ကို ဘေးမဖြစ်အောင် ကယ်တင်နိုင်ခဲ့တဲ့အတွက် ဘယ်လိုခံစားရသလဲဘုရား။

သူများဒုက္ခရောက်တဲ့အချိန်မှာ ကယ်ခဲ့တော့ ကိုယ်ချင်းစာပြီး ပျော်ခဲ့ပါတယ်။ ကိုယ်ဒုက္ခရောက်တဲ့ အချိန်မှာ လည်း ကယ်မဲ့သူပေါ်မယ်လို့ ယုံကြည်ပါတယ်။

.....................................................

အစ္စလာမ်ဘာသာဝင်တွေကို ကယ်တင်ခဲ့လို့ ဆရာတော်ကျောင်းကိုလာပြီး အန္တရာယ်ပြုတာမျိုးရော ရှိလား ဘုရား။

နားမလည်တဲ့သူတွေကတော့ ကျောင်းရှေ့ကိုရောက်လာပါတယ်။ ဦးဇင်းက သူတို့ကို အန္တရာယ်ပြုချင်ရင် ငါ့ကို အရင်သတ်ပြီးမှ လုပ်လို့ ပြောလိုက်ပါတယ်။

...............................................................

ဆရာတော့်ကျောင်းကို အန္တရာယ်ပြုချင်လို့ လာတဲ့ လူအင်အား ဘယ်လောက်ရှိပါသလဲဘုရား။

သူတို့လာတာ ည ၂ နာရီလောက်ဆိုတော့ မှောင်နေတယ်။ လူတွေကတော့ များတယ်။ မျက်နှာတွေ မမြင်ရဘူး။ နောက်ထပ်တော့ မလာတော့ပါဘူး ဒကာ။

.................................................................

ဒီလိုကယ်တင်ပြီးမှ နောင်တရတာမျိုး၊ စိုးရိမ်တာမျိုးဖြစ်မိသလားဘုရား

နောင်တမရပါဘူး။ ဘာသာရယ်၊ လူမျိုးရယ်၊ အဖြူအမည်းရယ် ခွဲခြားတာမျိုးမရှိပါဘူး။ သူများဒုက္ခရောက်တဲ့ အချိန်မှာ ကယ်တင်ရတာ ချမ်းသာသုခရတာပဲ။ ဒီလိုပဲမြင်ပါတယ်။

....................................................................

ဆရာတော် ဒီလိုကယ်တင်ပေးတာကို လူတွေဘယ်လိုသိသွားကြတာလဲ။

သူတို့ ဒုက္ခသည်စခန်းရောက်တော့ ဘာအန္တရာယ်မှ မရှိတော့ လုံခြုံရေးတွေက မေးတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဘုန်းကြီးက ဒီလိုကယ်ခဲ့တယ်လို့ သူတို့က ပြန်ပြောကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေက လည်း ကျောင်းကိုလာပြီး ကျေးဇူးတင်ကြောင်းပြောကြပါတယ်။

......................................................................

ဆရာတော်ရဲ့ လုပ်ဆောင်မှုတွေကို လူအများစုကချီးကျူးကြတယ်။ လူအများကြီးရဲ့ အသက်ကို သတ္တိရှိရှိ ကယ်တင်ခဲ့လို့ ပေါ့။ ဒီလောက်ကြီးကျယ်တဲ့ စွန့်စားမှုအလုပ်မျိုး အရင်ကရော လုပ်ဖူးသလားဘုရား။

ဦးဇင်းကလည်း ငယ်ကတည်းက မိဘမဲ့ကျောင်းကနေ လာရတာပါ။ မိဘမဲ့ကလေးတွေတော့ ကယ်တင်ဖူး ပါတယ်။ ဒီလိုကြီးတော့ မလုပ်ဖူးပါဘူးဒကာ။

....................................................................

ရောက်လာတဲ့ လူဦးရေက ၈၀၀ ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းပေးခဲ့လဲ ဘုရား။

ပြေပါတယ်။ ရပ်ကွက်က ခင်ရာမင်ရာတွေက လာပြီးတော့ ထောက်ပံ့ကြပါတယ်။

...................................................................

ကယ်ခဲ့တဲ့သူတွေကို ဒုက္ခသည်စခန်းကို ဘယ်လိုစီစဉ်ပြီးပို့ပေးခဲ့လဲဘုရား။

လူအင်အားက များတော့ အိမ်သာတက်တာလည်း အဆင်မပြေတော့ဘူး၊ တည်ငြိမ်လာတာနဲ့ တာဝန်ရှိတဲ့ သူတွေ ကို သွားပြောရတယ်။ အဲဒီကျမှ စစ်တပ်က ကားအစီး ၄၀ နဲ့ မတ် ၂၄ ရက်မှာ လာခေါ်သွားကြတာ။ ကျောင်းမှာ ၄ ရက်ထားပါတယ်။

............................................................................

အကြမ်းဖက်မှုက ဒီလောက်အထိ ကြီးကျယ်သွားရတာ ဆရာတော်အနေနဲ့ ဘယ်လိုမြင်သလဲဘုရား။

ဒီလောက်ကြီးကျယ်စရာအကြောင်းမရှိဘူး။ သွေးထိုးလှုံ့ဆော်သူတွေရှိလို့ပါ

...................................................................................

နောက်ဒီလိုပြဿနာတွေဖြစ်မလာအောင် ဘယ်လိုဆောင်ရွက်သင့်ပါသလဲဘုရား။

အကောင်းဆုံးကတော့ ဘာသာလူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီးတော့ လုပ်ဆောင်မယ် ဆိုရင် မြန်မာပြည်တင်မကပါဘူး တစ်ကမ္ဘာလုံးငြိမ်းချမ်းသွားမှာပါ။

.................................................................................

ဆရာတော်အနေနဲ့ ဘာများ ဖြည့်စွက်မိန့်ကြားချင်ပါသလဲဘုရား။

ပဋိပက္ခမရှိကြဘဲနဲ့ ကိုယ့်ဘာသာ၊ ကိုယ်ယုံကြည်ရာ ယုံကြည်ရာ မှန်မှန်ကန်ကန် ကိုးကွယ်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဦးဆောင်နေကြတာပဲလေ။ ဘာသာကို ခုတုံးလုပ်ပြီး မငြိမ်းချမ်းအောင်လုပ်ဆောင်နေသူ တွေရဲ့ လုပ်ဆောင်ချက်တွေကို ရှောင်နိုင်ရင် အကောင်းဆုံးပေါ့ဒကာ။


ကျေးဇူးတင်ပါတယ် ဆရာတော်ဘုရား။

No comments:

Post a Comment