ဓမ္မဒိဌာန်ကျကျ တွေးကြည့် သင့်ကြပါ၏
ခေတ်ကြီးက အွန်လိုင်းခေတ်ဆိုတော့ တနေ့
တစ်ခေါက်နှစ်ခေါက်လောက်တော့ အီးမေးထဲ အလျှံပယ်ဝင် လာတဲ့ သတင်းတွေ၊
ဆောင်းပါးတွေ၊ ဆွေးနွေးချက်တွေ၊ ကြော်ငြာတွေထဲက စိတ်ဝင်စား စရာတွေ
ကိုဖတ်ဖြစ်ပါတယ်။ အချိန်ရတဲ့အခါတော့လည်း စိတ်ဝင်စားတဲ့၊ တွေးမိတဲ့
အကြောင်းအရာလေးပေါ်မှာ စာကောက်ရေးဖြစ်၊ ဆွေး နွေး ဖြစ်ပါတယ်။ အခုလည်း
အများဒကာ ပြောနေကြလို့ ရခိုင်ပြည်တွင်းက လူမျိုးရေးကိစ္စ သိမိ ကြားမိ တွေးမိ
တာလေး ရေးလိုက်ရပါတယ်။
မြန်မာနိုင်ငံ၏ လူမျိုးစုများအရေး
စဉ်းစားကြတဲ့အခါမှာရခိုင်ပြည်တွင်းက ဘင်္ဂါလီလို့ ရခိုင်များကဆိုတဲ့ (ရိုဟင်
ဂျာ) ဆိုသူတွေရဲ့ အရေးကလည်း ခြွင်းချန်ထားလို့ မရဘူးဆိုတာ ၁၉၉၀-၉၁
ခုနှစ်လောက်က မာနယ်ပလော မှာ ရခိုင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့
ဗဟိုတရားရုံးရှေ့နေကြီး ခိုင်စောထွန်းနဲ့ လူမျိုးစုအရေး စကားစပ်မိပြောဆို
ဆွေးနွေးမိကြတုန်းကတည်းက မြင်မိခဲ့ပါတယ်။ တချိန်တုံးကတော့ (ရိုဟင်ဂျာ)
ဆိုတာကော သူတို့ရဲ့ဒုက္ခသုက္ခ ကော၊ မြန်မာပြည်သူ အများစုက
မသိကြ။
(အထူးသဖြင့် ဦးနေဝင်းရဲ့အမှောင်ချခေတ် မျိုးဆက်လူငယ်များ က ပို၍မသိကြ)
မကြားဖူးကြပါဘူး။ သိကြသူ အနည်းအကျဉ်းတို့ကလည်း၊ သာမန်အားဖြင့်တော့ ဒါ
ရခိုင်ပြည် တွင်းကိစ္စ၊ ရခိုင်တွေသာ အသိဆုံး၊ ရခိုင်အမျိုးသားတွေကဘဲ
ဖြေရှင်းရမဲ့ကိစ္စဆိုပြီး ဖာသိဖာသာ နေကြပါတယ်။ အခုတော့ သူတို့ကိစ္စဟာ
နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး
အဖွဲ့ တွေ၊ အဲန်ဂျီအိုတွေအပြင် ကုလသမဂ္ဂအထိပါ သိလာကြပါတယ်။ မသိတာတွေ
မသိသလိုပျောက် ကွယ်မ သွားဘဲ၊ သိလာတာကိုက သတိမူသင့် အလေးထားသင့်
တဲ့အချက်လို့ ဆိုရမှာပါ။
တဖက်မှာတော့ သူတို့တွေရဲ့ ဒုက္ခသုက္ခကို
စာနာသူတွေ နိုင်ငံတကာ အသိုင်းအဝိုင်း မှာကော မြန်မာလူမျိုး ထဲမှာပါပို
ပိုလာတာ တွေ့မြင်နေရပါတယ်။ ရခိုင်အမျိုးသားတွေတောင်မှ (ရိုဟင်ဂျာ) တို့ရဲ့ ဒုက္ခ သုက္ခကို အများနည်းတူ စာနာမှုရှိ ကြပါတယ်လို့ပြောရင် လွန်ရာကျမယ် မထင်ပါဘူး။ တဖန် ဒီ (ရိုဟင်ဂျာ)
တွေဟာ ရခိုင်တွေနဲ့ တမြေထဲနေ၊ တရေထဲသောက်၊ ရခိုင်ပြည်တိုးတက်ရေး၊
ရခိုင်ပြည်အရေးကို အတူတကွဆောင်ရွက် ကြရမယ်လို့ သဘောပိုက်ထားတဲ့
ရခိုင်ခေါင်းဆောင် များလည်းအများအပြား ရှိကြပါတယ်။ ရခိုင်တော်လှန်ရေး
ခေါင်းဆောင်ကြီး ခိုင်မိုးလင်းရဲ့တပ်ထဲမှာ (ရိုဟင်ဂျာ)
ဆိုသူများ ပါဝင်ခဲ့တာရှိတယ်လို့ ဆိုတယ်။ ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးမှုနဲ့အတူ
သူတို့တွေလည်း ရခိုင်ပြည်အတွက် အသက်ပေးခဲ့တာတွေရှိတယ်။ ဦးကျော်လှက
အဲမ်အယ်လ် အို ဆိုပြီးပြောင်းမဖွဲ့ခင်၊ အေအယ်အို (Arakan Liberation
Organization) ကိုဖွဲ့တယ်။ အဲဒီမှာ ရခိုင် ဗုဒ္မွဘာသာတွေ နဲ့ ပေါင်းဖွဲ့
ခဲ့တာလို့ဆိုတယ်။
စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ
ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်အရေး ကိစ္စဆောင်ရွက်ရေးတွေမှာ ရခိုင်ပြည်
အတွင်းက အင်အားစုများဖြင့် စုစည်းဖေါ်ဆောင်ရမယ်လို့ ယူဆထားပုံရတဲ့ NUPA
အဖွဲ့က (ရိုဟင်ဂျာ) အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထား တာရှိသလို၊ (ရိုဟင်ဂျာ)
ဆိုတဲ့ နာမယ်က တကဏ္ဍထား၊ သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီပြီး
ရခိုင်ပြည်အတွင်းမှာ အတူနေလာကြတဲ့ သူတွေဖြစ်တယ်။ လူမျိုးမတူ၊ ဘာသာ မတူတာက
အကြောင်းမဟုတ် ငြိမ်းငြိမ်း ချမ်းချမ်းရှိဖို့က အဓိကလို့ အယူအဆရှိသူ
တသီးပုဂ္ဂလများကလည် အတူနေကြဖို့ ဝန်မလေးကြပါဘူးတဲ့။
ကဲ.. ဒါဆိုရင် ပြဿနာက ဘာတဲ့လဲ။ လေ့လာကြည့်ရတာကတော့
ဒုတိယ ကမ္ဘာစစ်တုန်းက အင်္ဂလိပ်နဲ့
ဂျပန်စစ်ပွဲရဲ့ ဘက်နှစ်ဘက်ရပ်တည်မှုအပေါ်က ဖြစ်ပွားခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ
ကိုအခြေပြုပြီး၊ လူမျိုးမတူ၊ ကိုးကွယ်တဲ့ ဘာသာမတူတဲ့
လူမျိုးနှစ်မျိုးအကြား အဖုအထစ်တွေက၊ သေး လိုက်၊ ကြီးလိုက်နဲ့
သံသယတွေကြီးထွားပြီး ပျောက်ကင်းအောင် မကုနိုင်တဲ့
ရောဂါဆိုးလိုဖြစ်လာနေတာဘဲဖြစ် တယ်။
ပြောရရင် ဒုတိယ ကမ္ဘာစစ်မှာ အင်္ဂလိပ်ဘက်ကို (ရိုဟင်ဂျာ)
ဆိုသူတွေက ရပ်တည်တယ်။ ဂျပန်တွေကို ရခိုင် များကကူတယ်။ ဒါနဲ့ လူမျိုးရေး
အဓိကရုန်းဖြစ်ခဲ့တယ် လို့ဆိုတယ်။ တခါ လွတ်လပ်ရေး ရခါနီးတော့၊ ( ရိုဟင်
ဂျာ) ဆိုသူ အစွန်းရောက်ထဲက တချို့က မူဂျာဟစ်ဆိုပြီး
လက်နက်ကိုင်တော်လှန်တယ်။ အဲဒီတုန်းက အိန္ဒိယ ထဲကနေ ပါကစ္စတန်နိုင်ငံဆိုပြီး
ခွဲထွက်ဖို့ကြိုးစား တဲ့အခါ မွတ်စလင်အများစုရှိတဲ့ ရခိုင်ပြည်နဲ့
နယ်စပ်ဖြစ်နေတဲ့ အရှေ့ ဘင်္ဂလားနယ်ကို ပါကစ္စတန်ထဲထည့်ဖို့ စီစဉ်နေတဲ့
အချိန်ဖြစ်တယ်။ မြန်မာနိုင်ငံမှတချို့လူမျိုးစုခေါင်းဆောင် များကလည်း
သီးခြားလွတ်လပ်ရေးယူဖို့ ပြောဆိုနေကြတဲ့ အချိန်ဖြစ်တယ်။ မူဂျာဟစ်ခေါင်း
ဆောင်တချို့ ကလည်း အဲဒါကို အားကျပြီး မွတ်စလင်ပြည်ထူထောင်ဖို့
လုပ်ခဲ့ပုံရတယ်လို့ ဆိုတယ်။ အဲဒါ ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ခဲ့တဲ့
လူမျိုးရေးပဋိပက္ခအရှိန် မကုန်သေးလို့ အစွန်းရောက်တဲ့ လူတစ်စုရဲ့
အစီအမံဖြစ်တယ်လို့ ဆိုတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒါက ကြီးမားတဲ့ အဖုအထစ်
ဖြစ်စေခဲ့တယ်။
လွတ်လပ်ရေးရပြီးတဲ့အခါ ဦးနုခေတ်မှာတော့
ဗိုလ်မှူးချုပ် အောင်ကြီးက မူဂျာဟစ် လက်နက်ကိုင်ကိစ္စ သွား ရောက် ညှိနှိုင်း
ဖြေရှင်းခဲ့တယ်။ ဒီမှာ သူတို့က သူတို့ကို ဘင်္ဂါလီခေါ်တာကို မကြိုက်ကြောင်း၊
ဘင်္ဂါလီ မဟုတ် ကြောင်း (ရိုဟင်ဂျာ) လို့သာ ခေါ်ဖို့တင်ပြတယ်လို့ ဆိုတယ်။ ဒီတင်ပြချက်အရ သူတို့ကို ဦးနုအစိုးရက ရိုဟင်ဂျာ
တိုင်းရင်းသားဆိုပြီး တရားဝင် သတ်မှတ်ပေးလိုက်ပုံရပါတယ်။ ဦးနု
အစိုးရအနေနဲ့ လက်နက်ကိုင် တော်လှန်မှု ကိစ္စရပ်တစ်ခုကို
ဖြေရှင်းလိုက်နိုင်ပေမဲ့၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တဲ့
ရခိုင်အမျိုးသား တချို့က တော့ သဘောမတွေ့နိုင်မှာ အမှန်ပါ။
၁၉၆၁ ခုနှစ်ကုန်လောက်မှာ
ရခိုင်ပြည်နယ်တောင်းတဲ့ကိစ္စပေါ်လာတော့ တချို့ရခိုင်အမျိုးသားတွေက ခွဲထွက်
ခွင့်ကိုပါ အခြေခံဥပဒေမှာထည့်ပေးဖို့ တောင်းဆိုကြတယ်။ ဒီအခြေအနေမှာ
ဘူးသီးတောင်၊ မောင်းတောဒေသ က ဒေသခံတွေ (အထူးသဖြင့် ရိုဟင်ဂျာတွေ) နှင့်
သံတွဲခရိုင် ဒေသခံများက ရခိုင်ပြည် နယ်ထဲကို သူတို့ဒေသ တွေမထည့်ဘဲ၊
ပြည်မနှင့် တွဲဘက်ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကလည်း (ရိုဟင်ဂျာ)
နဲ့ ရခိုင်တို့အကြား ရှိနေတဲ့ အဖုအထစ်အတွက် မြေသြဇာထည့်
ရေလောင်းပေးသလိုဖြစ်ခဲ့ပုံရတယ်။ ပြည်နယ်များ မဖွဲ့စည်းနိုင် သေးခင်မှာဘဲ
ဦးနေဝင်း အာဏာသိမ်း လိုက်ပါတယ်။
ဦးနေဝင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာ
ဝန်ကြီးချုပ်ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးတို့ (ရိုဟင်
ဂျာကို အသိအမှတ်ပြုရေး ဆောင်ရွက်ပေးခဲ့ကြသူများ)
ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်၊ ၁၉၆၅ ခုနှစ်လောက်က စ ပြီး ရိုဟင်ဂျာ
ဆိုတာကို အသိအမှတ်ပြုထားခြင်းမှ ဦးနေဝင်းက ရုတ်သိမ်း လိုက်ပါတယ်။
ဦးနုခေတ်မှာ ရခိုင် အမျိုးသားများ ပြည်နယ်တောင်းစဉ်က ခွဲထွက်ခွင့်ကိုပါ
တောင်းတာကို ဦးနေဝင်းက သတိပြုပြီး၊ ရခိုင်အမျိုးသား များကို
နှစ်သိမ့်ဖို့လား၊ ဒါမှမဟုတ် ရခိုင်ခေါင်းဆောင်တချို့သို့မဟုတ်
ဒေါက်တာအေးကျော်လို ပညာရှင်က ဦးနေဝင်းကို ချဉ်းကပ် တောင်းဆိုလို့လားတော့
မသိပါ။ (ရိုဟင်ဂျာ) ကို တိုင်းရင်းသား အဖြစ်က
ရုတ်သိမ်းလိုက်ပါတယ်။ ဦးနေဝင်းက ရခိုင်အမျိုးသားရေးဝါဒီများ ကျေနပ်အောင်၊
ဘူးသီးတောင်၊ မောင်းတောမြို့နယ်နှင့်၊ သံတွဲဒေသများပါဝင်သော
ရခိုင်ပြည်နယ်ကိုလည်း ဖွဲ့စည်းပေးလိုက်ပါတယ်။ ရခိုင်အမျိုးသာ များအနေနှင့်
ပြည်နယ်တော့ ရလိုက်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းသဘောကျ အုပ်ချုပ်တာပါ။
ဦးနေဝင်းခေတ် ၂၆ နှစ်လုံးလုံး
တိုင်းပြည်အတွင်း ချမှတ်ဆောင်ရွက်သမျှသော ပေါ်လစီများဟာ ဘာတခုမှ
မှန်မှန်ကန်ကန်မရှိခဲ့၊ အောင်မြင်မှုမရှိခဲ့ပါ။ ပညာရေးပေါ်လစီ၊
စီးပွားရေးပေါ်လစီ၊ ငွေကြေးဆိုင်ရာပေါ်လစီ၊ ဘာသာရေးဆိုင်ရာပေါ်လစီ၊
ဘာမှမမှန်ခဲ့ဘူး။ ဒီလိုဘဲ လူမျိုးစုရေးရာတွေမှာ
ကိုင်တွယ်ပုံကလည်းမမှန်ပါဘူး။
ရခိုင်ပြည်ကိစ္စမှာလည်း အဖုအထစ်များနဲ့ အက်ကြောင်းထင်နေတဲ့ ရခိုင်အမျိုးသားရေး အစွန်းရောက်သူများနဲ့ (ရိုဟင်ဂျာ)ဆိုသူအစွန်းရောက်တို့အကြား
ကျားကွက်ရွေ့နေပါတယ်။ ရိုဟင်ဂျာဆန့်ကျင်သူ များကျေနပ် အောင်
ရိုဟင်ဂျာဆိုသူများကို မောင်းထုတ်ပြလိုက်၊ ပြန်ခေါ်လိုက်နဲ့ ကုလသမဂ
ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေး အစီအစဉ်က လာတဲ့နိုင်ငံခြားငွေများကို
အထက်လည်း အထက်အလိုက်၊ အောက်ကလည်း အောက် အလိုက် ဗိုက်မဆန့်၊ အိတ်မဆန့်
လောက်အောင် ထည့်ကြတယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ထရန်စ်ပဲရင့်စီ တို့
အကောင်တီဘီလီတီတို့ ဘယ်တုန်းကမှ မရှိခဲ့တာဘဲ၊ နိုင်ငံခြားငွေက သူတို့ဘဲ
ကိုင်ခွင့်ရှိတာဘဲ။ ဒီကြားထဲ ငွေယူလူသွင်း ဆိုတာ လည်းရှိပါတယ်လို့ဆိုတယ်။
ဒါကို ရခိုင်အမျိုးသားများအောင့်သက်သက်နဲ့ခံနေရသလို၊ (ရိုဟင်ဂျာ) ဆိုသူများ ခမြာလည်း ဇကောထဲ လောက်စလုံး ထည့်လိမ့်သလို အလူးအလဲခံနေ ရပါတယ်။
ဦးနေဝင်းခေတ်မှာ (ရိုဟင်ဂျာ) ဆိုတာကို ရုပ်သိမ်းလိုက်တော့ (ရိုဟင်ဂျာ) လက်နက်ကိုင်တွေ ထပ်ပေါ် လာပါတယ်။ ဒီတော့ (ရိုဟင်ဂျာ)
လက်နက်ကိုင်များနဲ့ ရခိုင်အမျိုးသား လက်နက်ကိုင်များအကြား ထပ်မံပေါ် လာတဲ့
နယ်မြေကိစ္စ၊ လက်နက်ကိစ္စ စတဲ့ပဋိပက္ခ ကလေးတွေကလည်း၊ ဆိုခဲ့တဲ့ အဖု အထစ်
များကို အစိုင်အခဲ ဖြစ်စေ လာပါတယ်။
ပြောရရင်တော့ ရခိုင်အမျိုးသားများက (ရိုဟင်ဂျာ) ဆိုတာဟာ ဘင်္ဂါလီတွေ ပါလို့ တွင်တွင်ပြော နေပါတယ်။ သူတို့ပြောတာ သဘာဝကျတယ်လို့ ဆိုလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ (ရိုဟင်ဂျာ)
ဆိုသူတွေ ပြောတဲ့ စကားက ဘင်္ဂါလီနွယ်တဲ့စကား (ဒိုင်ယာလက်စကား)၊ နေထိုင်တဲ့
အရပ်က ဘင်္ဂလာဒေရှ့် နယ်နိမိတ်နဲ့ နယ်စပ် ဖြစ်နေတဲ့
ရခိုင်ပြည်အနောက်ဘက်ခြမ်းမှာ။ ဘင်္ဂလာဒေရှ့်ဆိုတာက စစ်တကောင်း
တောင်တန်းပါဝင်တဲ့ တချိန်က အရှေ့ဘင်္ဂေါလ်ပြည်ပါ။ အနောက်ဘင်္ဂေါလ်ပြည်က လက်ရှိ
အိန္ဒိယနိုင်ငံထဲမှာပါ။ အရှေ့ ဘင်္ဂေါလ် ကော အနောက် ဘင်္ဂေါလ်ကော အဓိကအားဖြင့်
ဘင်္ဂါလီလူမျိုးအများစု နေထိုင်ကြတာပါ။ စကားအားဖြင့်က တော့ ဒိုင်ယာလက်ခွဲတွေ
အများကြီးပါ။ ဘာသာကတော့ အရှေ့ဘင်္ဂေါလ် (ဘင်္ဂလာဒေရှ်) က ဘင်္ဂါလီ မွတ်စလင်
များတယ်၊ ဘင်္ဂါလီဗုဒ္မွဘာသာ၊ ဘင်္ဂါလီဟိန္ဒူနဲ့ ဘင်္ဂါလီ ခရစ်ယာန်တွေလည်း
ရှိပါတယ်။ အနောက် ဘင်္ဂေါလ် ပြည်နယ်မှာတော့ ဟိန္ဒူနဲ့ ဗုဒ္မွဘာသာဘင်္ဂါလီက
ပိုများပါတယ်။ သမိုင်းကြောင်းအရ စစ်တကောင်းတောင် တန်းဒေသအပါအဝင် ဘင်္ဂေါလ် ၁၂
မြို့ကို ရခိုင်ဘုရင်များနဲ့ ဘင်္ဂလားဘုရင်များ ဘတပြန်ကျားတပြန် မင်းလုပ်
အုပ်ချုပ်ခဲ့ကြတာ အထင်အရှားရှိပါတယ်။ ရခိုင်တွေက ဗမာပြည်ကိုလာ
ရောက်အုပ်ချုပ်တဲ့ အကြိမ်ရေ ရှားပေမဲ့ စစ်တကောင်းပြည်ကို သွားအုပ်ချုပ်တဲ့
အကြိမ်ရေက များပုံရပါတယ်။ ရခိုင်ဘုရင်များဟာ မွတ်စလင်ဘွဲ့အမည် ခံယူ
အုပ်ချုပ်ခဲ့တာတွေလည်း ရခိုင်သမိုင်းမှာရှိပါခဲ့ပါတယ်။ သမိုင်း
ကြောင်းအရကလည်း ဆက်စပ်မှု ရှိနေတယ်။ နယ်စပ်လည်းဖြစ်နေတယ်ဆိုရင်
လူမျိုးတစ်မျိုးဟာ ဟိုဘက်ဒီ ဘက်နှစ်နိုင်ငံ ခွရှိနေ တတ်တာကတော့ သဘာဝတော့
ကျပါတယ်။
ချင်းလူမျိုးတွေ နယ်မြေဆက်စပ်နေတဲ့
အိန္ဒိယနိုင်ငံတွင်းမှာကော မြန်မာနိုင်ငံအတွင်းမှာပါ သက်ဆိုင် ရာနိုင်ငံ၏
တိုင်းရင်းသားတွေအဖြစ် ရှိနေတယ်ဆိုရင်၊ ကချင်လူမျိုးတွေ၊ ဝလူမျိုးတွေ
တရုတ်ပြည်ထဲမှာကော မြန်မာနိုင်ငံထဲ မှာပါ သက်ဆိုင်ရာနိုင်ငံ၏
တိုင်းရင်းသားတွေ အဖြစ်ရှိနေတယ်ဆိုရင်၊ ဘင်္ဂါလီဆိုတာ ရခိုင်ပြည်နယ်ထဲမှာကော
ဘင်္ဂလာဒေရှ့်ထဲမှာကော သက်ဆိုင် ရာနိုင်ငံ၏ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတာကို
ငြင်းရင်ကော လက်တွေ့ ကျမလား၊ သဘာဝကျမ လားဆိုတာ စဉ်းစားဖွယ်ရာဖြစ်ပါတယ်။
လူမျိုးတမျိုးဟာ
သူတို့လူမျိုးအားလုံးသဘောတူပြီး လူမျိုးအမည်ကို
ပြောင်းလဲသုံးစွဲခေါ်ဝေါ်မယ်ဆိုရင် သူတို့ အခွင့်အရေးဘဲ၊
ခေါ်ဝေါ်ခွင့်ရှိမယ်ထင်ပါတယ်။
သူတို့က တဖက်က ဘင်္ဂါလီများနဲ့ ပြောစကား ဒိုင်ယာလက် မတူတဲ့အတွက် ဟိုဘက်က လူများနဲ့ သီးခြားဖြစ် ချင် လို့ သူတို့ကိုယ် သူတို့ (ရိုဟင်ဂျာ)
လို့ပြောင်းလဲ ခေါ်စေလိုတဲ့သဘောဖြစ်မယ်လို့ ယူဆရပါတယ်။ သူတို့က
ပိုအသိဆုံးဖြစ်မှာပါ။ နောက်တစ်ခုက ဘင်္ဂါလီလို့ သတ်မှတ်လိုက်ရင် သူတို့ကို
နိုင်ငံခြားသားတံဆိပ်ကပ် ပြီးတွန်းပို့မှာ စိုးရိမ်ပုံရပါတယ်။ လွန်ခဲ့တဲ့
နှစ်နှစ်လောက်က (ရိုဟင်ဂျာ) ဆိုသူ ပညာတတ်လူငယ် တစ်ယောက်
နဲ့စကားပြောကြည့်တုံးက၊ ..ခင်ဗျားတို့က ရခိုင်အမျိုးသားတွေနဲ့နီးနီးစပ်စပ်
ရင်းရင်းနှီးနှီး နေဖို့လိုတာပေါ့…လို့ ကျနော်ပြောတော့၊…
ဒီလူငယ်ပြန်ပြောတာက …ကျနော်တို့က နေချင်ပါတယ်..နေတယ်… သူတို့က ကျနော်တို့
ကို တခါတည်း အမျိုးပါပြုတ်အောင် ဘင်္ဂါလီကုလား၊ နိုင်ငံခြားသားဆိုပြီး
မောင်းထုတ် နေတယ် လေ…ဗမာကိုခေါ် တယ်၊ ဗမာစစ်တပ်ကိုခေါ်တယ်၊ ကျနော်တို့ကို
မောင်းထုတ်တယ်။ ကျနော်တို့က ဒုက္ခတော့ရောက်တယ်လေ… ဒါပေမဲ့ မပြုတ်ဘူး..
သူတို့က ဒုက္ခမရောက်ဘူး… တဖြည်းဖြည်း ကုန်လာပြီ..တဲ့။ အင်း…စဉ်းစားစရာတော့
ကောင်းသား။
၉၂ ခုနှစ်လောက်က ထင်ပါတယ်၊ ချင်းမိုင်မှာ လူအခွင့်အရေးသင်တန်းတစ်ခုမှာ ဆရာဦးတင့်ဇော်က ဘာသာပြန်လုပ်ပေးနေတုန်း သူနဲ့ ရိုဟင်ဂျာ
ကိစ္စမေးမြန်ကြည့်ဖြစ်တယ်။ ဦးတင့်ဇော် ရှင်းပြတာက ရခိုင်ပြည်မှာ ရှေး
အစဉ်အဆက်ကတည်းက မွတ်စလင်တွေ အတူတကွ နေထိုင်လာခဲ့တယ်ဆိုတာ
ငြင်းဘွယ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာ မရှိခဲ့ဘူး။ ရှေးက
ရိုဟင်ဂျာဆိုတာ မရှိဘူး၊ လူဦးရေကလည်း ရှိသင့်တယ်ထင်တာထက် များနေတယ်လို့
ဆိုတယ်။ တချို့ကတော့ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးတုန်းက ထွက်သွားတာထက်
ပြန်လက်ခံလိုက်ရတာက ပိုများတယ်လို့ဆိုတယ်။ ကိုယ့်ဆီက မဟုတ်ရင်
ငြင်းခွင့်ရှိတာဘဲ (များများလက်ခံလေ ကုလသမဂ ဒုက္ခသည် ပြန်လက်ခံရေး
အစီအစဉ်အရပေးတဲ့ ဒေါ်လာငွေ ပိုရလေလေကြောင့်များလား မသိပါ။)
(ရိုဟင်ဂျာ) ရှိခြင်း၊
မရှိခြင်း လက်ခံခြင်း၊ မခံခြင်း အငြင်းပွားကိစ္စကို ကျနော်အနေနဲ့
ထောက်ခံခြင်း၊ ကန့်ကွက် ခြင်း မလုပ်ခဲ့ပါ။ အခုလည်း လုပ်မည်မဟုတ်ပါ။
ဘာ့ကြောင့် လဲဆိုတော့ ရှေ့နေကြီး ခိုင်စောထွန်း ရဲ့စကား အသွားအလာ
ကိုသတိပြုမိပြီးသကာလ ဒီလူမျိုးစုနှစ်စု (ရခိုင်နှင့် ရိုဟင်ဂျာဆိုသူတို့)
တချိန်ချိန်မှာ နားလည်မှုရ ပြေလည်သွားခဲ့ကြရင် ကြားထဲကကျနော်များတို့
ငပေါကြီး ဖြစ်ကျန်ခဲ့မှာ စိုးတာကြောင့်၊ ပြီးတော့ ရှေ့မျက်နှာ
နောက်ထားပြီးကျနော် ထောက်ခံမိ (သို့မဟုတ်) မထောက်ခံမိတာ မှားပါတယ်လို့
စိတ်တွင်းကသော် လည်း ကောင်း၊ အပြင်ပန်းအားဖြင့်သော်လည်းကောင်း
တောင်းပန်ရမဲ့ အလုပ်မျိုးမလုပ်ချင်တာကြောင့်လို့ပါ။ ဒါ့အပြင်
ကောင်းသောအကြံပြုခြင်းအားဖြင့် အားလုံးနှင့် ထာဝရမိတ်ဆွေ ညီနောင်များ
အဖြစ်သာနေ လို၍ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုအကြံပြုလိုက်ရပါတယ်။
အထက်တွင် ဆိုခဲ့သည့် အဖုအထစ်တွေ ရောဂါကြီး ပျောက်ကင်းဖို့ ဆို ရင်
လက်ရှိသွားနေတဲ့နည်းလမ်းက နိုင်ငံရေး အသပြာဆရာဝန်ကို အားထားကုနေ
သလိုဖြစ်နေတယ်။ ပျောက် တော့ပျောက်မယ်။ ရောဂါရော လူနာရော တပါတည်းပါ။
ဒါကြောင့် ရခိုင်ပြည်ညီနောင်အနေဖြင့် ညီအစ်ကို မောင်နှစ်မများ
အချင်းချင်းအတွင်း ကိန်းအောင်းနေတဲ့ လူမျိုးရေး၊ ဘာသာရေး အစွဲအလမ်းတွေ၊
အာဃာတ တွေ၊ သံသယတွေ၊ စိုးရိမ်စိတ်တွေ ကိုဘေးဖယ်ထုတ်ပြီး အရင်းအမြစ်ကို
ဓမ္မဒိဌာန်ကျကျ စဉ်းစားအဖြေရှာပါမှ ရခိုင်ပြည်သူတရပ်လုံး
ငြိမ်းချမ်းသာယာရေး၊ တိုးတက်ရေး လုပ်ငန်းများကို
အားသွန်ဆောင်ရွက်နိုင်ကြမည် သာ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒီကိစ္စကိုစိတ်ဝင်စား
ဆွေးနွေးနေသူများအနေဖြင့်လည်း၊ ရခိုင်ပြည်သူ ညီအစ်ကို မောင်နှစ်မများ
စုစည်းညီညွတ်လျှက်၊ တိုးတက်ဖွံ့ဖြိုးသောဒေသသူ ဒေသသားများ အဖြစ်ရောက်ကြရလေ
အောင် အပြုသဘောဖြင့် အလေးအနက်ထား စဉ်းစားဆွေးနွေးပေး သင့်ပါကြောင်း
တိုက်တွန်းလိုက်ရပါတယ်။
ဝင်းမောင် (ဟဲဟိုးသား)
၁၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်။
No comments:
Post a Comment