(Geofferey Hiller မှ ကိုယ်တွေ့ဖြစ်ရပ်အား ရင်ဖွင့်တင်ပြသည်။)
ဘာသာပြန် – M-Media
ဘာသာပြန် – M-Media
ပြီးခဲ့တဲ့လက ကျနော်မြန်မာပြည်ရောက်တော့
နေပြည်တော်နဲ့ မန္တလေးအကြား မြန်မာပြည်အလယ်ပိုင်းက မိတ္ထီလာမှာ ရက်အနည်းငယ်
နေခဲ့ပါတယ်။ တောင်ငူကနေ ကားစီးလာလိုက်တာ ကားက ကြက်တွေ၊ ၀ါးစည်းတွေ နဲ့အတူ
လူအပြည့်ပါပဲ၊ မိနစ်နည်းနည်းလေးမောင်းလိုက် လူစောင့်တင်လိုက်နဲ့
သွားနေ တာကြောင့် မိုင် ၁၅၀ ခရီးကို ၈ နာရီလောက်ကြာသွားတယ်။
ရောက်တဲ့နေရာမှာပဲ အိပ်တော့မယ်လို့
ဆုံးဖြတ်လိုက်တာကြောင့် ဟိုတယ်ကြီးကြီးတစ်ခုမှာ ဘွတ်ကင် လုပ်ကြည့်ပေမယ့်
လူပြည့်နေတာကြောင့် မရတော့ဘူး။ ရန်ကုန်ဘက် လည်း ပြန်မလှည့် ချင်တော့ဘူး၊
မန္တလေးလည်း ဆက်မသွားချင်တာကြောင့် မိတ္ထီလာကို သွားဖြစ်တယ်။ အဲဒီမှာတော့
ဟိုတယ်ခန်း အလွတ်တွေ
အများကြီးပေါ့ဗျာ။
ဘတ်စ်ကားက မွတ်စလင်တွေအများကြီးရှိတဲ့
ဗလီကြီးကြီးတစ်နေရာမှာ ကျနော့်ကို ချပေးတယ်။ အနီးနားက
လက်ဖက်ရည်ဆိုင်မှာတော့ လူတစ်ယောက် ရွှံ့မီးဖိုနဲ့ နံပြားဖုတ်နေ တယ်။
မော်တော် ဆိုင်ကယ် တစ်စင်းငှားပြီး ဟိုတယ်ကို သွားတယ်၊ ညစာစားပြီးတော့
မြို့အသစ်မှာ ကျနော့်ရဲ့ ပထမဆုံးည ကို ဖြတ်သန်းဖို့ အနီးအပါး လမ်းလျှောက်
ထွက်ဖြစ်တယ်။ ရန်ကုန်လို ရှုပ်ရှုပ်ထွေးထွေးမြို့ ကနေရောက် လာတော့
ဒီလိုမြို့ငယ်လေးရဲ့ အငွေ့အသက်က ကြိုဆိုနေသလိုပဲ။ ဘေးနှစ်ဘက်မှာ
သစ်ပင်တွေရှိနေတဲ့ လမ်းမကြီးတွေမှာတော့ ဆိုင်ပိုင်ရှင် အချို့ အေးအေးလူလူ
အနားယူနေကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲရစ်တို့
လက်ထပ်ပြီးတော့လည်း ဒီမြို့ကို ၁၉၇၂ မှာ ပျားရည် ဆမ်းထွက်ခဲ့ကြတယ်။
ရေကန်ကြီးရှိပြီး နှစ်လိုဖွယ်မြို့ကလေးပါ။ အင်္ဂလိပ်ပုံစံ နာရီစင်ကြီး ကလည်း
မြို့ အလယ် ကို လွှမ်းမိုးထားတယ်။ တစ်ဦးတည်းသော နိုင်ငံခြားသား ကို
တွေ့လိုက်ရတယ်၊ အသက်အလယ်အလတ်လောက်ရှိမယ့် ရုရှလူမျိုးတစ်ဦးပါ။ သူက
ကျနော့်ကို စပိန်လို စကားပြောတယ်။
နောက်နေ့ကျတော့ မီးရထားလမ်းတဘက်က
ဗလီတလုံးစီကျနော်ရောက်ဖြစ်တယ်။ သောကြာနေ့ဆိုတော့ ဗလီမှာ နမာဇ်ဖတ်သူတွေနဲ့
ပြည့်နေတယ်။ ပြီးတော့ သူတို့တွေ ဗလီရှေ့ က ဟောကြီးမှာ စကားလက် ဆုံကျနေကြတယ်။
သူတို့ထဲက တယောက်က ကျနော့်ကို ငှက်ပျောသီး ကျွေးတယ်။ လမ်းရဲ့
အောက် ဘက်မှာတော့ ပန်ချာဘီအမျိုးသားကြီးတွေ ဖွင့်ထားတဲ့
အိန္ဒိယကုန်စုံဆိုင်ရှိတယ်။ ဒီပန်ချာဘီကြီးတွေ က ဗြိတိသျှတွေ မြန်မာပြည်က
ထွက်သွားအပြီးမှာ မြန်မာပြည်ထဲကို ၀င်လာတဲ့သူတွေဖြစ်တယ်။
သူတို့ကုန်စုံဆိုင်က လက်မလည် ဘူး၊ ဈေးဝယ်သူတွေကလည်း လူမျိုးစုံလို့၊
ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူနဲ့ မွတ်စလင်တွေ။
နောက်တစ်နေ့မနက်စာကိုတော့ Golden Rain
လက်ဖက်ရည်ဆိုင်ရာ စားဖြစ်တယ်။ အဲဒီဆိုင်ကလေးက
တခြားဆိုင်ကြီးသုံးဆိုင်နဲ့အတူ သစ်ပင်တွေ ထူထူထဲထဲရှိလှတဲ့ လမ်းပေါ်မှာပါ။
အလှပြင် ဆိုင်လို့ ထင်ရတဲ့ ဆိုင်တစ်ဆိုင်ကတော့ ထိန်ထိန်ညီးနေတာပါပဲ။
ဘွဲ့ယူကြတဲ့ကာလလည်းဖြစ်နေလေတော့ အမျိုးသမီးတွေ က ဘွဲ့နှင်းသဘင်အတွက်
အလှပြင်ဆင်နေကြ တာပေါ့ ဗျာ။ အဲ ဓာတ်ပုံဆိုင်တွေကလည်း လက်မလည်လောက်အောက်
အလုပ်ဖြစ်နေတယ်။
အလှပြင်ဆိုင်တစ်ဆိုင်ကိုတော့ မန္တလေးက
အလှဖန်တီးရှင်တွေ ဖွင့်ထားတာဗျ။ အထဲမှာတော့ သတို့သမီးတစ်ယောက်
ဆံပင်အလှပြင်နေပြီး သူရဲ့သတို့သားအလာကို စောင့်နေတယ်။
နောက်တစ်နေ့မှာတော့ အုတ်တွေခွဲပြီး
လမ်းဖို့နေတဲ့ အမျိုးသမီးတဦးကို ကျနော်ဓာတ်ပုံရိုက်ခဲ့တယ်။ သူက
ကျောင်းကနေထွက်ပြီး ကျပန်းလုပ်တယ်၊ ဈေးထဲမှာ ကုန်စိမ်းရောင်းတယ်။
ဒီလိုမျိုး အသေးအနုတ် ကလေးတွေကပဲ မြန်မာပြည်ကြီးကို ရာစုနှစ်ပေါင်းများစွာ
ဘယ်လိုဘယ်ပုံပြောင်း လဲနေစေလဲဆိုတာ ကျနော်တွေးမိသွားတယ်။
ကျနော်ပြန်လာပြီး တလလဲကြာရောဗျာ၊
မွတ်စလင်ရွှေဆိုင်ပိုင်ရှင်နဲ့ ဗုဒ္ဓဘာသာလင်မယား စကားများရာ ကနေ ပေါက်ကွဲပြီး
ဆူပူသောင်းကျန်းကြတဲ့အကြောင်း သတင်းတွေ ဖတ်ရတော့ တာပါပဲ။ ဒီလို
ငြိမ်းငြိမ်း ချမ်းချမ်းရှိလှတဲ့မြို့ကလေးကို
ကိုယ်တိုင်ရောက်ဖူးခဲ့တော့လည်းဗျာ၊ ဒီလိုမျိုး တိုက်ခိုက် တာတွေ၊
သတ်ကြ ဖြတ်ကြ မီးရှို့ကြတာတွေက မယုံနိုင် စရာတွေပဲ။ ကျနော်က မိတ္ထီမြို့ခံ
ဗုဒ္ဓဘာသာ ၀င်တွေ၊ မွတ်စလင်တွေ ဒါဇင်နဲ့ချီပြီးတော့ကို စကားပြောဖြစ်ခဲ့တယ်။
ဒီလိုပြောဖြစ်ခဲ့တဲ့အပေါ်မှာ ကျနော့် အနေနဲ့ ဒါမျိုး ဆူပူသောင်း
ကျန်းမှုကြီးဖြစ်လာလိမ့်မယ်ဆိုတာ လုံးဝခန့်မှန်းလို့ မရဘူး။
မိတ္ထီလာနောက်ဆုံးနေ့မှာတော့
အာရှကမ္ဘာဘတ်စ်ကားမှတ်တိုင်ကနေ ရန်ကုန်ပြန်ဖို့ ဘတ်စ် ကားစောင့် ဖြစ် တယ်။
ဒီအာရှကမ္ဘာမှတ်တိုင်ကတော့ ဆိုင်နဲ့အိမ်တွဲဖွင့်ထားတဲ့ မွတ်စလင် မိသားစုကြီး
တစ်စုနေ တဲ့ နေရာမှာပါပဲ။ မန္တလေးကလာတဲ့ ဘတ်စ်ကားက
နှစ်နာရီလောက်နောက်ကျနေတော့ အိမ်ထဲ က ဖခင်ဖြစ်သူက ကျနော့်ကို ခေါ်ပြီး
စပျစ်သီးတွေနဲ့ ဧည့်ခံတယ်ဗျာ။ သူက ကျနော့်ကို နံရံမှာချိတ် ထားတဲ့
မိသားစုဓာတ်ပုံတွေပြတယ်၊ ဒီလို
သောင်းကျန်းမှုပဋိပက္ခသတင်းတွေကြားရတော့လည်းဗျာ၊ သူ့အတွက် ကျနော်စိုးရိမ်တယ်၊
သူ့မိသားစုက ကျနော့်လို သူစိမ်းတရံဆန်ကို ကြင်ကြင်နာနာကြီး ဆက်ဆံခဲ့တယ်လေ။
ဘတ်စ်ကားလာတော့ ကျနော်တက်လိုက်သွားတယ်။
ထိတ်လန့်ဖွယ်အဖြစ်အပျက်တစ်ခုကို ကျနော် သတိပြုမိလိုက်တယ်၊ ရှေ့မှာထိုင်တဲ့
အသက်ကြီးကြီး ဘုန်းကြီးတပါးက သူရဲ့ ပလစ်စတစ်သောက်ရေခွက် ကို ထိုင်ခုံနဲ့
စပြီး အသံခပ်ကျယ်ကျယ် ထုတော့တာပါပဲ။ ကျနော့်ဘေးက တစ်ယောက်ပြောပြလို့ သိရတာ က
ဘတ်စ်ကားနောက်ကျလို့တဲ့ဗျာ၊ ဘုန်းကြီးက ဒေါသအမျက်တွေ ထွက်နေတာပါတဲ့။
ဒါမျိုးမြင် ကွင်း က မြန်မာပြည်ရဲ့ ပုံမှန်သရုပ်တော့ မဟုတ်ခဲ့ဘူး၊
ဒီဗုဒ္ဓဘာသာဘုန်းကြီးကတော့ တမူထူး လို့ နေ တာပေါ့။ ခုတော့ဗျာ၊ ဒီဖြစ်ရပ်ကပဲ
ဒါမျိုး ပဋိပက္ခစိုးကြီး အတွက် ရှေ့ပြေးနိမိတ်ဖြစ်နေ ပါလားဆိုတာ ကျနော်
အံ့သြနေမိတယ်ဗျာ။
Geofferey Hiller
ဧရာဝတီမဂ္ဂဇင်းမှ
ဧရာဝတီမဂ္ဂဇင်းမှ
No comments:
Post a Comment